လိပ်စာပြောင်းခြင်း
လာရောက် လည်ပတ်ကြသော သူငယ်ချင်းအပေါင်းတို့ရေ …..
ဒီမိုးထက်က အိမ်လေးကို နေရာရွှေ့ပြောင်းထားပါကြောင်း ….
လိပ်စာသစ်
မိုးထက်အိမ် (http://maykyaw.mylovecafe.com)
မိုးထက်အိမ်
Oct 20, 2009
11:50am
အရောင်ပြောင်းမသွားတဲ့ သစ်ရွက်ခြောက်
*အိပ် မက် တစ် ၀က်
နိုး တစ် ၀က် ရာ သီ စက် ၀န်း ထဲ
တစ် မိုး ပြောင်း သွား တဲ့ နင့် ကို
လွမ်း နေ ဆဲ …..။
*ရင် ခွင် ဗ လာ ဖြစ် တဲ့ အ ခါ
ပြန် လှမ်း ခဲ့ ပါ လို့
ပြော မ ထွက် လိုက် ပေ မယ့်
ငါ့ ရင် ထဲ က ချစ် ခြင်း
အ ဆုံး စွန် ထိ နင် မြင် လိမ့် မယ် လို့
ယုံ ကြည် ဆဲ …..။
*တစ် နွေ ပြောင်း သွား လည်း
ဟောင်း မ သွား ဘဲ ချိုး နှိမ် ထား တဲ့
မျှော် လင့် ချက် တွေ နဲ့
နင့် ကို ငါ
ချစ် နေ ဆဲ …..။
မေကျော်
June 6, 2007
ညီမလေး
“ဒီနေ့ ဘာဟင်းလဲ … ဗိုက်ဆာပြီး ထမင်းစားတော့မယ်”
ပြောပြောဆိုဆို ကျွန်မ အုပ်ဆောင်းကို လှပ်ပြီး စားတော့မယ့် ဆဲဆဲ….
“သမီး နေဦး မစားနဲ့ဦး”
အမေလှမ်းတားလည်း မမှီတော့ဘူး …. ကျောင်းကရောက်ဆို ဗိုက်က ဆာတာပဲ … စားတော့မှာပဲ … ဟင် …. ဒီဝါ၀ါကြီးတွေ က ဘာကြီးလဲ … ဟာ …
“အမေရေ … ဒီဝါ၀ါတွေက”
“ဟုတ်တယ် ၊ စောနက သမီး ညီမလေးကို ထမင်းစားပွဲပေါ်ခဏ တင်ထားတုန်း သူ အီအီး ပါချသွားတာ ၊ အဲဒါ မရှင်းရသေးလို့ သမီးကို မစားနဲ့ဦး လို့ လှမ်းပြောတာ ၊ သမီးက မြန်လိုက်တာ”
“သွားပါပြီ ၊ ဗိုက်ဆာနေတာတောင် ဘယ်ရောက်သွားမှန်း မသိဘူး ၊ အစုတ်ပလုပ်လေးတွေ ၊ ဟင့် ဟင့်”
အဲလို အဲလို …. ဒီညီမလေးတွေ လူ့လောကထဲ ရောက်တည်းက ကျွန်မမှာ စားကောင်းခြင်း မစားရ ၊ အိပ်ကောင်းခြင်း မအိပ်ရတာ သူတို့ အသက်နဲ့ အမျှ ရှစ်လပဲ … အမွှာလည်း အမွှာဆိုတော့ အမေရော ၊ မမိုးရော ထိန်းတာတောင် လက်မလည်ဘူး … ကျွန်မတို့ ၀င်ထိန်းမယ် ဆိုတော့လည်း ကလေးချင်းချင်းမို့ မထိန်းရဘူးတဲ့ … တစ်ခါတစ်လေ ကိုယ့်ညီမလေးတွေချစ်လို့ ချီချင်ရင်တောင် အချီမခံဘူး … အဲဒီတော့ ဘေးကနေပဲ မြူရတယ် … ဒါပေမယ့် ခု ဒီတစ်ခါတော့ တကယ် စိတ်ဆိုးတယ် … ဒီကလေးလေးတွေ လမ်းမြန်မြန်လျှောက်နိုင်ပါစေ…။
×××
“အား ၊ အမေရေ မြန်မြန်လာပါ ၊ ဟောဒီမှာ အမေ့သမီး နှစ်ယောက် သမီးခြေမကို ဘာအမှတ်နဲ့ အပြိုင်ခဲနေတယ် မသိဘူး”
အမေ့ကို အတင်းလှမ်းအော်ရတယ် …. နာလှပြီ … ကျွန်မက ကုတင်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ဆိုတော့ သည်းကြီးမည်းကြီး ကုံးကိုက်နေတဲ့ ညီမလေးနှစ်ယောက်ကို လှမ်းဖယ်ဖို့ ဘယ်လိုမှ မဖြစ် … သူတို့နှစ်ယောက်ကတော့ ဒေါသတကြီးနဲ့ကို အပြိုင်ခဲနေတာ …
“သမီးတို့ ဖယ်လိုက် ၊ ဖယ်လိုက် ၊ အဲဒါ အဲ့အဲ့ ၊ အဲ့ အဲ့ ၊ ရွံစရာကြီး ၊ လွှတ်လိုက် ၊ လွှတ်လိုက်”
သွားပေါက်ကာစ ဒင်းကလေးနှစ်ကောင် အစွမ်းတွေ ပြလိုက်တာ ခြေမနှစ်ခုကို ယောင်ကိုင်းသွားတာပဲ … အဲဒီတည်းက သူတို့ကို ခေါ်ရင် ကလေးနှစ်ကောင်လို့ ခေါ်တာ ခုရွယ်ထိပဲ …။ ဒီကလေးလေးတွေ ကျောင်းမြန်မြန်ပို့ရပါစေ…။
×××
“အီး ဟီး ဟီး ၊ အမေရေ မမသူက သမီးတို့ကို မခေါ်ဘူးတဲ့”
အာ ၊ ဒီနှစ်ကောင် အမေ့ကို သွားချွန်ပြန်ပြီ ….
“မသူ ၊ လာဦး”
“လာပါပြီ”
“သမီး ညီမလေးတွေကို မခေါ်ဘူးဆို”
“ဒီမှာလေ သူတို့ ၀လုံးတွေ ရေးထားတာ သမီးစာအုပ်တစ်လုံးကို ရစရာမရှိတော့ဘူး”
ကျွန်မ ဘယ်လိုပဲ လျှောက်လှဲချက်ပေးပေး အကြီးဆုံး သည်းခံရမယ် ဆိုတဲ့ စကားနဲ့တင် တပ်ဆုပ်ပြန်ခဲ့ရတယ်…
“နောက် ဒီအသံတွေ မကြားချင်ဘူး ၊ သွားတော့ ၊ ညီမလေးတွေ ပါ တစ်ခါတည်း ခေါ်သွား ”
စောစောက ငိုခဲ့တာ သူတို့မဟုတ်တဲ့ အတိုင်း တဟီး ဟီး နဲ့ ကလေးနှစ်ကောင်ရယ်တယ် … ကျွန်မကတော့ ဆူအောင့်အောင့်နဲ့ သူတို့လက်လေးတွေ ဆွဲခေါ်လာခဲ့တယ် ….
“ဒီနှစ်ကောင် ငါ ထုလိုက်ရ နာတော့မယ်”
“အမေရေ”
“ဘာမှ မဟုတ်ဘူး အမေ ၊ သူတို့ကို မုန့်သွားဝယ်ကျွေးမလို့”
ဒီကလေးနှစ်ကောင် မြန်မြန်အရွယ်ရောက်ပါစေ…။
xxx
“မမသူ သူငယ်ချင်းကလည်း သူများအိမ်လာလည်တာ စွပ်ကျယ်ဂျိုင်းပြတ်နဲ့”
လုပ်ချလိုက်ပြန်ပြီ ဒီနှစ်ကောင် ။ အိမ်လည်ရောက်နေတဲ့ သူငယ်ချင်းခမျာ ထိုင်ရမလို ထပြန်ရမလို ….
“ထိုင်ပါဟာ ၊ ထိုင်ပါ ၊ သူတို့က အဲလိုပဲ စတတ်တယ် “
“ကိုရာကျော်စိုး စောစောက မေးတာ ဘာ ၊ ဒီ ရေစင်ကို ဘီရိုထင်လို့ ဟုတ်လား ”
ဧည့်ခန်းထောင့်မှာ ထောင်ထားတဲ့ ရေစင်ကို လက်ညှိုးထိုးရင်း အကြီးမလေးက မေးလိုက်တယ် ….
“အဲဒါ ရေစင်လေ ၊ ရေစင် သိတယ်မလား ၊ Water Temp လို့ခေါ်တယ် ၊ ရေတွေ သိုလှောင်တဲ့ကန်လေ ၊ မမသူကလည်းလေ တောသားတွေနဲ့ မပေါင်းပါနဲ့ဆိုတာကို ပြောလို့ကို မရဘူး”
ပြန်ကာနီးကျ သူငယ်ချင်းကပြောတယ် … ဗျတ်ဝိ ၊ ဗျတ္တ ရှိရင် နောက် နင့်အိမ်ကို လာမလည်ဘူးတဲ့ … အင်း … ဒီကလေးနှစ်ကောင်ကို အမေ့ဗိုက်ထဲ ပြန်သွင်းလို့ရရင် ကောင်းမယ်…. ။
***အောက်တိုဘာလ ၁၁ တွင် ကျရောက်သော ကလေးနှစ်ကောင်မွေးနေ့အတွက် အမှတ်တရ ရေးပါသည် …။
မေကျော်
Oct 11 , 2009
2:45pm
သူငယ်ချင်း အမျိုးမျိုးရှိလေသည်
တစ်ယောက်က ပြောတယ်….
သူ့ကိုချစ်တယ် … သူနဲ့ မဝေးချင်ဘူး …. ချစ်သူ သမီးရည်းစားဆိုတာ တွဲမိလို့ အခန့်မသင့်လို့ ကွဲသွားရင် သူငယ်ချင်း ဆက်လုပ်လို့ရတာမဟုတ်ဘူး …. တစ်သက်လုံး ဝေးရမှာ …. အဲဒါကြောင့် တစ်သက်လုံး သူငယ်ချင်း အဖြစ်ပဲ နေမယ် … ဘယ်တော့မှ မခွဲတဲ့ သူငယ်ချင်း …..။
တစ်ယောက်က ပြောတယ် ….
သူက သိပ်လွတ်လွတ်လပ်လပ်နေချင်တယ် …. သူ့စိတ်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ခွန်အား ကိုယ့်မှာ မရှိဘူး … လွတ်လွတ်လပ်လပ်နေချင်တဲ့သူ့ကို သ၀န်တိုလို့လည်း မရဘူး ၊ ချုပ်ချယ်လို့လည်း မရဘူး …. ဒါ့ကြောင့် သူငယ်ချင်းလိုနေတာပဲ စိတ်ချမ်းသာမယ် … သူ တောင်ပံတွေ ဖြန့်ကျက်ပြီး လွတ်လပ်စွာ ပျံသန်းပါစေ …. နံဘေးကနေ လွတ်လပ်စွာ ကူညီစောင့်ရှောက်မယ့် သူငယ်ချင်း ….။
တစ်ယောက်က ပြောတယ် …..
သူနဲ့က သူငယ်ချင်းတော့ သူငယ်ချင်းပဲပေါ့ … ဒါပေမယ့် သူ့အကြောင်း အကုန်သိတယ် …. နားလည်း လည်တယ် … သူမကြိုက်တာ ၊ ခွင့်မပြုတာလည်း မလုပ်ဘူး ….. သူလည်း တူတူပဲ … တစ်ဘ၀လုံးအတွက် မှန်းထားတယ် ဆိုတဲ့ ချစ်သူတွေ ရဲ့ အခြေခံအုတ်မြစ် အဖြစ် သူငယ်ချင်း …..။
တစ်ယောက်က ပြောတယ်…..
သူကမှ ကိုယ့်ကို ချစ်မှာ မဟုတ်မှန်းလည်း သိနေတယ်လေ ….
သူငယ်ချင်းလိုနေပေးတာကိုပဲ ကျေးဇူးတင်ဖို့ကောင်းနေပြီ … ဒီထက်လည်း ဘာမှထပ်ပြီး မတောင်းဆိုဝံ့ပါဘူး …. သူ စိတ်ချမ်းသာဖို့ အရေးကြီးပါတယ် ဆိုတဲ့ အုံ့ပုန်းချစ်နဲ့ သူငယ်ချင်း …။
တစ်ယောက်က ပြောတယ်…..
သူငယ်ချင်းလို့ သတ်မှတ်ပြီးမှတော့ တစ်သက်လုံး သူငယ်ချင်းပဲပေါ့ …. ကြားထဲမှာ တားထားတဲ့စည်းကို ကျော်ဖို့ ဘယ်တော့မှ စိတ်မကူးဘူး …. တစ်သက်လုံး ဖြူဖြူစင်စင် မေတ္တာအရင်းခံနဲ့ ချစ်သွားမယ့် သူငယ်ချင်း ….။
မိုးထက်အိမ်
Oct 6, 2009
8:45pm
စိတ်ချင်းအဖော်
အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ…
ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…
ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…
ကိုယ့်ကို နားလည်တဲ့သူ…
(နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ ၊ အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။
နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။ သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ တော်လှပါပြီ ၊ အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။
စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။ အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။ အဲဒီလို မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊ ပိုင်ဆိုင်မှုတွေ အကြောင်း မပြောဘူး ။ ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့ ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။ တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။ တစ်ယောက်ရဲ့ လွတ်လပ်မှုကို တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။ သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့် သူ မလွတ်လပ်တာ မဖြစ်စေရဘူး ။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ် ။ ဒါမှ ” Soul Mate ” ဖြစ်မယ် ။
ဦးဇောတိက (တွေးမိတိုင်း ပျော်တယ်) မှ ကောက်နှုတ်ချက်
ကျနော့်ကို နားလည်ပေးကြသော ၊ အမှားကို ထောက်ပြသတိပေးကြသော ၊ ဆိုးသမျှ ဗွေမယူဘဲ ခွင့်လွှတ်ပေးသော ၊ ညည်းသမျှကို နားထောင်ချင် မထောင်ချင် နားထောင်ပေးကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်သောအားဖြင့် ဒီစာကို တင်ပါသည် …။
သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေ…။
မိုးထက်အိမ်
Oct 5, 2009
3:40pm
Broken Reeds !
Broken Reeds !
အဲလို အပြောခံလိုက်ရချင်း ပထမဆုံး ကျနော် လုပ်ရတဲ့ အလုပ်က ဒါ ဘာအဓိပ္ပါယ်လဲ လို့ပေါ့…
ပြောတဲ့လူက တော်လို့ အဲလို ပြောနိုင်ပေမယ့် နားထောင်တဲ့ ကျနော်က ညံ့တော့ ချက်ချင်းနားမလည်ဘူးလေ… အဲဒါနဲ့ နီးစပ်ရာ dictionary ပြေးလှန်ရတယ်… အဟိ…. အဖြစ်က မနှစ်ကနဲ့ မတူ ဆိုတာ ဒါမျိုးပေါ့ ….
တွေ့လိုက်ပါပြီ မယုံကြည်ထိုက်သော ၊ အားမကိုးထိုက်သော တဲ့ … ပြောတဲ့လူက အဲလိုပြောလိုက်တာ ဟုတ်မဟုတ်တော့မသိ …. ကျနော်ကတော့ အဲလိုပဲ နားလည်လိုက်တယ် … မယုံကြည်ထိုက်သော ….မယုံကြည်ထိုက်သော …. နောက် တစ်ခေါက်ရွတ်မိတယ် …. မယုံကြည်ထိုက်သော …. နောက် တစ်ခေါက်ထပ်ရွတ်မိတယ် …. မယုံကြည်ထိုက်သော …. တကယ် အဲလို အဓိပ္ပါယ်နဲ့ ပြောလိုက်တာလား… ကျနော်က တကယ်ကို အဲလို အပြောခံထိုက်သလား …. အဟား …. ကျနော် ဘာတွေများ လုပ်မိလို့ အဲလို အပြောခံလိုက်ရတာလဲ … ကျနော် စေတနာနဲ့ပြောလိုက်တဲ့စကားဟာ ဝေဒနာ ဖြစ်သွားသလား …. ကျနော့်ကြောင့် မနစ်နာစေလိုလို့ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ကျနော်ဟာ ယုံကြည်ဖို့မထိုက်တဲ့လူ ဖြစ်သွားသလား….. ဘာဖြစ်လို့ အဲလိုပြောရတာလဲ လို့ ဖုန်းဆက်ပြီး မေးလိုက်ရင် ကောင်းမလား …. မေးလ်ပို့လိုက်ရင် ကောင်းမလား …. ဘာလုပ်လိုက်ရင် ကောင်းမလဲ … ဘ၀မှာ ပထမဆုံး အပြောခံလိုက်ရတဲ့ မယုံကြည်ထိုက်သော ဆိုတဲ့ စကားတစ်ခွန်းအတွက် ကျနော် အနည်းဆုံးတော့ စိတ်ဆိုးသင့်တယ် ထင်တယ်…. စိတ်ကလည်းဆိုးလို့ကို မရ …. ဒုတ်ခွ …. တော်ပြီကွယ် … ပြန်တာပဲ ကောင်းတယ် … မီးသိရင်တော့ ဆူတော်မူဦးမယ်ထင်တယ် …
မိုးထက်အိမ်
Oct 4, 2009
4:20pm
ငါပြောမယ် ကောင်လေးရဲ့
ကျောင်းကို သွားဖို့ ferry ကားရောက်လာပြီဆိုရင် ferry ပေါ်တန်းတက် .. နင့် နောက်က င့ါကို လှည့််ကြည့်ပြီးမှ မတက်နဲ့….ferry ထိုင်ခုံမှာ ထိုင်ပြီဆိုရင်လည်း လမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ကောင်မလေးလှလှလေးတွေကို ကြည့်…. နင့် မျက်စောင်းထိုးက ငါ့ ကို လှည့်လှည့်မကြည့်နဲ့…။ စာသင်ခန်းထဲ ၀င်လာလို့ အတန်းရှေ့က ဖိနပ်စင်မှာ ဖိနပ်ချွတ်ပြီဆိုရင်လည်း ဖိနပ်စင်ကိုပဲကြည့်ချွတ်. . င့ါဖက်ကို လှည့်ကြည့်ပြီးမှ မချွတ်နဲ့….. စားရိပ်သာမှာ နေ့လည်စာစားပြီဆိုရင်လည်း ဖွင့်ပြထားတဲ့ ရုပ်သံ အစီအစဉ်ကိုပဲကြည့် ….. ငါ့ ကို ကြည့်ပြီး မစားနဲ့…..။ Break ပေးလို့ canteen မှာ ကော်ဖီသောက်ရင်လည်း ကော်ဖီခွက်ကို ပဲ ကြည့်ပြီးသောက် … ငါ့ ကို ကြည့်ပြီး မသောက်နဲ့….။ ကြားတယ်နော် ….။ ပြောစကားနားမထောင်ဘဲ ဒီအပြုအမူတွေကို ဆက်လုပ်နေလို့ ငါ ပြန်ကြိုက်မိပြီဆိုရင် .. ငါ့ ဘက်က လုံးဝတာဝန်မယူပါကြောင်း…။
မိုးထက်အိမ်
Feb 4, 2009
1:24pm
အဖတ်တင်တာပေါ့
သူသိပါစေသား
မေတ္တာကို သစ္စာပြုလို့
ပန်ဆင်ဖို့ပေး
တို့များက မိန်းကလေး
ယူလိုက်က အထင်သေး
မယူလိုက်က အနေဝေး
ဆွေးဆွေးမြေ့မြေ့ ချစ်နေတာ
စတွေ့တည်းကပါ
ငြင်းပယ်လိုက်တာ
ဟန်ဆောင်စကား
သူသိပါစေသား…။
ဒီကဗျာလေးကို တွေ့တုန်းက ကိုယ်ကိုယ်တိုင် ဖတ်ပြီးပြုံးမိသွားတယ်လေ..။ ဒါနဲ့ပဲ ကျောင်းကသူငယ်ချင်းတွေကို ပြရင် သူတို့လည်း ပြုံးတုံးတုံးဖြစ်သွားမှာ ပဲ ဆိုပြီး စာအုပ်ထဲမှာ ကော်ပီကူးယူထားလိုက်တယ်…။ နောက်နေ့ ကျောင်းရောက်တော့ တွေ့သမျှသူငယ်ချင်းတွေကို ပြတော့တာပဲ….´ဖတ်ကြည့် ၊ ဖတ်ကြည့် ၊ ဒါလေးကောင်းတယ် ´ ဆိုပြီး….။ အဲဒီမှာသူငယ်ချင်းတစ်ယောက် က သူ့ကိုအဖြေပေးပါတယ် လုပ်လို့ … မဟုတ်ပါဘူး ဆိုပြီး မနည်းရှင်းယူရတယ်….။ ဘေးကသူငယ်ချင်းတွေကလည်း ၀ိုင်းပြောတယ်….. ။ နင်ကလည်းဟယ် ဘာဖြစ်လဲ .. အဖတ်တင်တာပေါ့တဲ့….။ ကောင်းရော..။
မိုးထက်အိမ်
March 19, 2009
10:56am
ကျေးဇူးပြုပြီး င့ါကို လွမ်းပါကွယ်
နိုဝင်ဘာ (၁) ရက်နေ့ ကျမှ ဆောင်းဟာ ဘက်စ်ကားပေါ်က ဆင်းပြီး ရောက်လာသလိုမျိုး ရောက်ချလာတာပေါ့ ဟု ပြောခဲ့ဖူးသော မိန်းမတစ်ယောက်ကို လွမ်းသည် ။ သစ်ရွက်ခြောက်တွေ မီးရှို့သော ရနံ့ကိုလွမ်းသည် ။ အေးစိမ့်တဲ့ နှင်းငွေ့တွေကြားထဲမှာ ချစ်သူရဲ့ လက်ဖ၀ါးကို ကိုယ့်ပါးပြင်မှာ ကပ်ပြီး အနွေးငွေ့ပေးချင်တယ်ဟု (တစ်စုံတစ်ယောက်က) ရေးခဲ့ဖူးသော စာတစ်ပိုဒ်ကိုလွမ်းသည်။ ဆိတ်ဖလူးပန်းရနံ့တွေကို သယ်ဆောင်ယူငင်လာတတ်သော မြောက်ပြန်လေကိုလည်း လွမ်းသည် ။ သူ၏ သိုးမွေးဆွယ်တာ ဖြူဖြူလေးကိုလည်း လွမ်းပါသည် ။ သို့သော် ထိုအလွမ်းသည် ကျွန်တော် လွမ်းချင်နေသော အလွမ်းတွေလား ???? သူတစ်ပါးက ကျွန်တော့်ကို လွမ်းစေချင်နေသော အလွမ်းတွေလား??? ဆိုသည်ကိုတော့ သိပ်မသဲကွဲလှပါ ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့ကို (အခုလို အချိန်မျိုးတွင်) တစ်ယောက်ယောက်က လွမ်းနေမှာပဲ ဟူသော အသိမျိုးကို တိတိကျကျ ယုံယုံကြည်ကြည် ရချင်လှပါသည် ။
ကျေးဇူးပြုပြီး င့ါကို လွမ်းပါကွယ်
မင်းခိုက်စိုးစံ
ဆောင်း
မြန်မာအက်ဆေး (၁၀၀)
စာရေးခြင်းဟာ ကုသိုလ်လား အကုသိုလ်လား
တလောက ကျနော့်စိတ်ထဲကို အတွေးတစ်ခု ၀င်လာတယ်… ဘာအတွေးလဲဆိုတော့ သရုပ်ဆောင်တွေမှာ သရုပ်ဆာင်တဲ့ အလုပ်က သူတို့ကို အကုသိုလ်ဖြစ်စေတယ် ဆိုတော့လေ… စာရေးဆရာတွေကရော .. ??? … သိချင်လာတယ်… ကျနော်ကိုယ်တိုင်က စာတိုပေစလေး နည်းနည်းရေးတဲ့လူလည်း ဖြစ်ပြန် ၊ နဂိုကမှ ကုသိုလ်နဲ့ အကုသိုလ်ဆို အကုသိုလ် က အားသာနေတဲ့ ကျနော့် နေ့စဉ်ဘမှာ ထွက်ပေါက်အဖြစ်ရေးတဲ့ စာလေးတွေက အကုသိုလ် ဖြစ်စေတယ် ဆိုရင် … ??? … ခုနေများ ကျနော် သေရင် ဘယ်ဘ၀ရောက်မှာပါလိမ့်… အဟား … လူက နည်းနည်းကို မဟုတ်ဘူး … တော်တော်ကို ရူးချင်သွားတယ်… အဲဒါနဲ့ သိချင်စိတ်ကိုလည်း ထိန်းမထားနိုင်တော့တဲ့အတွက် နီးစပ်ရာတွေ လှမ်းမေးမိတယ်… ပထမဆုံးမေးမိတာတော့ ကိုသူရိယ (ခ) အိုနီးစံ ပါ… သူက သူလည်းသေချာမသိလို့ မေးပေးမယ် ပြောပါတယ်… ဟုတ်… သူ့အဖြေကို စောင့်ရင်း … တခြားဘလော့တွေ လိုက်ဖတ်ရင်း အန်ကယ်ကြီး ဂျေဂျူဝိုင်ဘလော့ကိုရောက်တော့ မေးချင်စိတ်ပေါက်လာတာနဲ့ သူ့ကိုလည်း မေးဖြစ်သွားပါတယ်… အန်ကယ်ကြီး စီဗုံးမှာ အော်ပြီး မေးခဲ့တာပါ… ကဲ … ကျနော် နိဒါန်း ၀င်နေတာ နည်းနည်းများသွားပြီ… အဖြေလေးတွေ ဖတ်ကြည့်လိုက်ပါဦး…
ဘုန်းဘုန်း ဘုရား…
တပည့်တော်က စန္ဒာသူရိယ ဘလော့(http://sandarthuriya.wordpress.com/) မှ
သူရိယပါဘုရာ့။ ကျွန်တော် ညီမ စန္ဒာက မေးတာရယ် တပည့်တော်လည်း သိချင်တာရယ်ကြောင့် ဘုန်းဘုန်းကိုမေးလျှောက်ကြည့်တာပါ။
သရုပ်ဆောင်တွေ သရုပ်ဆောင်တာ အကုသိုလ်ဖြစ်မဖြစ် သိချင်လို့ပါဘုရား။ သူတို့က မဟုတ်တာကို အဟုတ်လုပ်ပြီး သရုပ်ဆောင်၊ ကြည့်ရှုသူတွေကို
ခံစားမှုအမျိုးမျိုးဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်ပါသလားဘုရား။
တကယ်လို့ သူတို့ လုပ်ဆောင်ချက်တွေက အကုသိုလ်ဖြစ်မယ်ဆိုရင် စာရေးဆရာတွေ (အထူးသဖြင့် ရသစာပေ) လည်း အကုသိုလ်ဖြစ်ပါသလားဘုရား။
လက်စုံမိုး၍
သူရိယ
ကိုသူရိယက ဒီလိုမေးလျှောက်တော့…. ဘုန်းဘုန်း ဦးဝိစိတ္တက ဒီလိုလေး ဖြေပေးပါတယ်…
ဗုဒ္ဓစာပေမှာတော့ သဘင်သည် ကချေသည်များဟာ အကုသိုလ်ဖြစ်စေတဲ့ အလုပ်အသက်မွေးဝမ်းကြောင်းလို့ ဆိုထားတာ ဖတ်ဖူးပါတယ်။ ကြည့်ရှုသူများကို ကိလေသာရာဂစိတ်ဖြစ်စေတဲ့ အတွက်ကြောင့်လည်း ပါပါတယ်။ ပြီးတော့ မလှူကောင်းတဲ့ အလှူငါးမျိုးထဲမှာ ကိလေသာရာဂ စိတ်ကို နှိုးဆွပေးတဲ့ ပန်းချီပန်းပု စတဲ့အနုပညာများလည်း ပါတာဖြစ်တဲ့ အတွက် အကုသိုလ်ဖြစ်နိုင်ပါတယ်။ တစ်ခြားမပြောနဲ့ ရဟန်းတော်များ တရားဟောတာတောင် သာယာနာပြောဖွယ် ဖြစ်အောင် အသံရှည်ဆွဲပြီး ဟောတာကို ခွင့်မပြုထားပါဘူး။ ဒါကြောင့် သရုပ်ဆောင်များရဲ့ အလုပ်ဟာလည်း အကုသိုလ်ဖြစ်နိုင်ပါတယ်လို့ ပြောရမှာပါ။ စာရေးဆရာတွေ ရေးတဲ့စာတွေကတော့ ရသအမျိုးမျိုး ရှိတဲ့အတွက် ရေးသားတဲ့ စာပေတွေအပေါ် လိုက်ပြီး ကုသိုလ် အကုသိုလ်ဖြစ်နိုင်ပါတယ်။ ဥပမာ ဓမ္မရသစာပေများအတွက်က ကုသိုလ်ဖြစ်စေနိုင်ပေမယ့် ပေတော့မောင်တော့ စတဲ့ ကိလေသာရာဂထကြွစေနိုင်တဲ့ အရေးမျိုးကတော့ အကုသိုလ်ဖြစ်စေ နိုင်ပါတယ်။ ဒါဟာလည်း ပြုသူရဲ့ စေတနာ ရည်ရွယ်ချက်အပေါ် မူတည်ပါတယ်… မိမိတို့ကိုယ်တိုင် စဉ်းစားချင့်ချိန်၍ ယူကြပါလေ… မေတ္တာဖြင့်
ဘုန်းဘုန်း ဦးဝိစိတ္တ
ဒါကတော့ အန်ကယ်ကြီး ဂျေဂျူဝိုင် စီဗုံးမှာ ဖြေခဲ့တာလေးပါ….
16 Sep 09, 11:29
မေကျော်: အန်ကယ်ကြီးရေ.. မဆိုင်ပေမယ့် တစ်ခုလောက်တော့ မေးချင်တယ်ဗျာ… သရုပ်ဆောင်တွေမှာ သရုပ်ဆာင်တဲ့ အလုပ်က သူတို့ကို အကုသိုလ်ဖြစ်စေတယ် ဆိုတော့လေ… စာရေးဆရာတွေကရော .. ??? နော်ပြောတာ .. ရသရေးသူတွေပေါ့ဗျာ…
16 Sep 09, 18:36
ဂျေဂျူဝိုင်: မေကျော်ရေ. ဂျေဂျူဝိုင်လည်း အဲဒီ ကိစ္စ အတော်လေး တိုင်ပင်ရပါဦးမယ်
17 Sep 09, 11:04
မေကျော်: ဟုတ်… တိုင်ပင်ပြီးရင် ပြောပါဦးနော်…
.. ဒုတ္ခပေးတယ်လည်း မထင်ပါနဲ့… ![]()
17 Sep 09, 19:08
ဂျေဂျူဝိုင်: စာရေးသူဟာ ရေးသူရဲ့ စိတ်နဲ့ပဲဆိုင်တယ် လို့ ကျွန်တော်တို့ ဆုံးဖြတ်မိကြတယ် မေကျော်ရေ…
18 Sep 09, 17:01
မေကျော်: အယ်.. အဲဒါဆို ထားပါတော့ အလွမ်းဇာတ် ရေးတဲ့လူက သူ့စာကို ဖတ်ရင် လွမ်းတဲ့ရသကို ရသွားစေချင်တဲ့ စေတနာတော့ ရှိမှာပဲ… အဲဒါမျိုးဆိုရင် အကုသိုလ်ဖြစ်တယ်ပေါ့နော်.. အဲလိုမျိုးလား.. သေချာသိချင်လို့ ပါ..
21 Sep 09, 15:15
ဂျေဂျူဝိုင်: နောက် မေကျော် မေးထားတာလေးကို ဖြေချင်ပါတယ်။ ဒီလိုပါ ကျွန်တော်တို့ ပုထုဇဉ်စိတ်နဲ့ပဲ စာရေးဆရာကို ဆုံးဖြတ်ကြပါစို့ နေထိုင်ချိန်မှာ ကုသိုလ်ဖြစ်မနေရင် အကုသိုလ်ဖြစ်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့
22 Sep 09, 10:42
မေကျော်: ဟုတ်.. အဖြေကို စိတ်ထဲ ရှင်းရှင်းလင်းလင်း သိသွားပါပြီ အန်ကယ်ကြီးရေ.. ကျေးဇူးအများကြီးတင်ပါတယ်…
ရွှင်လန်းချမ်းမြေ့ပါစေ...
မေတ္တာဖြင့်....
မိုးထက်အိမ်
Sept 26, 2009
12:03pm
-
Archives
- October 2009 (7)
- September 2009 (17)
- August 2009 (22)
- July 2009 (1)
-
Categories
-
RSS
Entries RSS
Comments RSS


